Wednesday, January 23, 2013

လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းတွင် ကလေးများ ၁၀၀ ကျော် ၀မ်းရောဂါဖြစ်ပွားနေပြီး ၆ ဦးသေဆုံးမှုရှိ



Je Yang ဒုက္ခသည်စခန်းမှ မိခင်နဲ့ ကလေး။
 ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ် လိုင်ဇာမြို့စစ်ပြေးဒုက္ခသည်စခန်းရှိ နှစ်အောက်ကလေးငယ် အယောက် ၁၀၀ ကျော်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး သေဆုံးသူ ဦး ရှိပြီဖြစ်ကြောင်း လိုင်ဇာ ကျန်းမာရေးဌာနက ပြောသည်။

ဒီဇင်ဘာလမှစ၍ ကလေးငယ်များတွင် ၀မ်းရောဂါစတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး ယခုလ ဇန်န၀ါရီ အတွင်း  ပိုမိုဆိုးရွားလာသည်ဟု လိုင်ဇာပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကု ဒေါက်တာ ဆိုင်းမိုင် (Dr. Seng Mai) က KNG ကချင်သတင်းဌာန သို့ပြောသည်။


တချို့ကလေးတွေဆိုလို့ရှိရင် သွေးအန်တာနဲ့ ၀မ်းသွားတဲ့အခါမှာ သွေးပါတာတွေဖြစ်တယ်။ အဖျားတက်တယ်။ ပြီးရင် ငန်းတက်သလို မျက်လုံး မျက်တိမ်လွှာတွေကျယ်လာပြီး အပေါ်ကိုထိုးတက်သွားတာမျိုးတွေဖြစ်တယ်။ အဲဒီအဆင့်ဆိုလို့ရှိရင် ကလေးတွေက ကယ်တင်မှုရာခိုင်နှုန်းက နည်းသွားတယ်။ တချို့ကတော့ ပျောက်သွားပြီး ဆင်းသွားတာတွေရှိတယ်။ တချို့တွေကျတော့ သေဆုံးသွားတာတွေရှိတယ်။ဟု ဒေါက်တာဆိုင်းမိုင် (Dr. Seng Mai) ပြောသည်။
Je Yang ဒုက္ခသည်စခန်းမှ ကလေးငယ်များ။
ကလေးငယ်များ အဆိုပါရောဂါများဖြစ်ပွားမှုသည် ဒုက္ခသည်စခန်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းအပါအ၀င် ဖြစ်နိုင်ချေနောက်တခုသည်လည်း တိုက်ပွဲဖြစ်ပွားချိန် လိုင်ဇာမြို့သို့ ပစ်ခတ်လိုက်သော အစိုးရတပ်၏ ဓါတုလက်နက် ဓါတ်ငွေများကြောင့် ကိုယ်ခန္ဒာ ခုခံအားနည်းသော ကလေးများတွင် ယခုကဲ့သို့ရောဂါဖြစ်ပွားမှု ဆိုးရွားလာသည်ဟု သုံးသပ်ကြောင်း ဒေါက်တာဆိုင်းမိုင် (Dr. Seng Mai) ပြောသည်။

ယခုချိန် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသော ကလေးများသည် နေ့စဉ် လိုင်ဇာဆေးရုံသို့ ရောက်နေဆဲဖြစ်ကြောင်း သိရသည်။

ဝမ်းရောဂါဖြစ်နေသောကလေးတွင် မကြာခဏ ၀မ်းသွားခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်း စသည့်လက္ခဏာများ ဖြစ်နေကြောင်း ဆေးရုံတွင်ဆေးကုသမှုခံယူနေသော ကလေးငယ်မိခင်ဖြစ်သူ ဒေါ်ဂျာရိန် ပြောသည်။

နေ့တိုင်း တစ်နေ့ကို အခေါက် ၂၀ လောက်သွားတယ်။ နောက်ပိုင်းကျလို့ရှိရင်  အရည်နဲ့ သွေးတွေပါ ပါလာတယ်။ အန်တဲ့အခါမှာလည်း သွေးပါလာတယ်ဟုပြောသည်။

ယခုချိန် အဆိုပါဝမ်းရောဂါဖြစ်ပွားနေသော ကလေးငယ်များနှင့် သားဖွားနေသော အမျိုးသမီးများကို လိုင်ဇာဌာနချုပ်အနီး အစိုးရတပ်ဖွဲ့နှင့် KIA ကြားတိုက်ပွဲဖြစ်ပွားနေချိန်ဖြစ်သောကြောင့် လုံခြုံရေးအရ အချို့လူနာများကို ဂျေယန့်  (Je Yang) ဒုက္ခသည်စခန်းတွင် ပြောင်းရွှေ့ကုသပေးနေကြောင်း သိရသည်။

၎င်းတို့၏ဆေးဝါးများအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကုလသမဂ္ဂ ပညာရေးနှင့် ကလေး သူငယ်များ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) အင်္ဂလန်အခြေစိုက် Health Unlimited (HU) အဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးနေသော်လည်း သက်ကြီးပိုင်းများ၏ဆေးဝါးများပိုများနေပြီး ကလေးနှင့်ဆိုင်သော ဆေးဝါးလိုအပ်နေကြောင်းသိရသည်။

ဝမ်းရောဂါဖြစ်ပွားမှုများသည် လိုင်ဇာဒုက္ခသည်စခန်းအပြင် ဆဒုံးဒေသတွင်းရှိ ဒုက္ခသည်စခန်းများတွင်လည်း ရှိကြောင်း သိရသည်။

တိုက်ပွဲများပြင်းထန်လာချိန် ဖားကန့်မြို့ဂင်ဆီဆိုင်းရာမှ ထွက်ပြေးခိုလှုံလာသော  ဒုက္ခသည်ကလေးငယ်များတွင်လည်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု များပြားနေကြောင်း ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့မှပြောသည်။

ယခုလအတွင်း အစိုးရတပ်ဖွဲ့နှင့် တိုက်ပွဲကြောင့် KIO အုပ်ချုပ်နယ်မြေတွင်း ထပ်မံထွက်ပြေးတိမ်းရှောင်လာသော စာရင်းအရ လူဦးရေ ၆၆၀၀၀ ကျော်ရှိပြီး အစိုးရအုပ်ချုပ်နယ်မြေတွင် ၃၆၀၀၀ ကျော်နှင့် ဖားကန့်ဖက်တွင်လည်း ယခုထပ်တိုးနေကြောင်း ဒုက္ခသည် ကူညီရေးကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ (Salang Kaba Doi Pyi Sa)ပြောသည်။

တချို့စာရင်းတွေမရဘူး။ Camp မ၀င်တဲ့ ဒုက္ခသည်တွေလည်းအများကြီးရှိတယ်။ သူတို့ဖာသာ သိသလိုနေနေကြတဲ့ ဒုက္ခသည်တွေကိုလည်း လက်လှမ်းမမှီဘူးဖြစ်နေတယ်။ ပြီးတော့ ရှမ်းပြည်မြောက်ဘက်က စာရင်းတွေလည်းမရောက်ဘူး။ အဲဒီဘက်မှာလည်း အခုအခြေအနေဆိုရင်တော့ သောင်းလောက်တော့ရှိမယ်လို့ ထင်တယ်။ ဖားကန့်ဘက်မှာလည်း အခုဆိုရင် တိုက်ပွဲပြန်ဖြစ်နေတယ်ဆိုတော့ သောင်းကျော်လောက်တော့ရှိမယ်ဟု ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

အဆိုပါဒုက္ခသည်များသည် ဇန်နဝါရီလ ၁၉နေ့မှစ၍ အစိုးရစစ်တပ်များ စစ်မျက်နှာ ခုဖြင့် ထိုးစစ်ဆင်လာသောကြောင့် ရွာပေါင်း ၁၀ ရွာမှ ဒေသခံ ၃၀၀၀ ကျော် ဖားကန့်မြို့ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်ပြီး ၄င်းတို့အတွက်ဆေးဝါးများလိုအပ်နေကြောင်း ဒုက္ခသည်စောင့်ရှောက်သူများက ပြောသည်။

www.kachinnews.com
www.burmese.kachinnews.com
www.kachin.kachinnews.com

0 comments:

Post a Comment

Note: Only a member of this blog may post a comment.